မျက်ကန်းရွာ
မျက်ကန်းရွာ
- By, Admin
တခါတုန်းက ရွာတရွာတွင် သူကြီးလုပ်သူက ရွာကလူတွေကို မျက်စိကန်းအောင် လုပ်ထားလိုက်သည်။ နှစ်ပေါင်းများစွာ ကြာလာတော့ လူတွေက အမှောင်နဲ့ အသားကျလာသည်။ အလင်းရှိတယ် ဆိုတာကို မသိတော့။ တခုခု ဆို သူကြီးက ပြောပြရသည်။
"ဟိုဘက်ရွာမယ် စားစရာ မရှိလို့ လူတွေ သေကြသကွ။ ငါတို့ရွာမှာ ဆန်ပြုတ်လေး ပုံမှန် တရက် တခေါက် သောက်နိုင်တာ ငါ့ကျေးဇူးကွ"
လူတွေက ယုံကြသည်။ ဟိုဘက်ရွာမှာ ကားဆိုတာကြီး ရှိတယ် ကြားတော့ သူကြီးက "ကား ဆိုတာကြီးက စီးလို့ တိုက်ရင် သေတတ်တယ်ကွ။ မစီးကြနဲ့။ လမ်းလျှောက်ကြ။ အန္တရာယ် ကင်းတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တယ်"
လူတွေက ကားမစီးပဲ လမ်းလျှောက် ကြသည်။ ကားစီးတဲ့ လူတွေကို ငတုံးတွေလို့ ထင်သည်။ အဲ့ဒီမှာ တခြားရွာ သွားနေပီး ပြန်လာတဲ့ အဘွားကြီး တယောက်က ရွာသားတွေ ဒီလို အကန်းဘဝနဲ့ နေနေရတာကို မကြည့်ရက်။ မျက်စိ ပြန်မြင်အောင် လုပ်ပေးလိုက်သည်။
အဲ့ဒီအခါ မျက်စိပြန်မြင်လာတဲ့ လူတွေကို သူကြီးက ပြောသည်။ "ကဲ ကြည့်စမ်း၊ မျက်စိ ကန်းနေတုန်းက နေ့ရယ် ညရယ် မခွဲဘူး သွားချင်သလိုသွား လာချင်သလိုလာ လို့ရတယ်။ နင်လို့ မျက်စိ မြင်ရမှပဲ ညဆို မသွားတတ်တော့ဘူး။ မြင်လာရတော့ ဘယ်သူက လှတယ်၊ ဘယ်သူက ရုပ်ဆိုးတယ် ဆိုပီး တယောက်နဲ့ တယောက် မနာလိုမှုတွေ များလာတယ်။
အရင်ကဆို အကုန်တူတူပဲ။ မြင်လာရတော့ အရှက်လုံအောင် အဝတ်တွေ ဝတ်ရတော့မယ်။ ပြင်ရဆင်ရနဲ့ အလုပ်တွေ ရှုပ်တော့မယ်။ ကန်းနေရင် ဒါတွေ မလိုဘူး။ ဘယ်လောက် အလုပ်ရှုပ် သက်သာလဲ။ ငါက နင်တို့ကို အမျော်အမြင်နဲ့ ကန်းအောင် လုပ်ထားတာ"
သူပြောတာကို လူတွေကလည်း "ဟာ ဟုတ်သားပဲ၊ သူပြောတာ အကျိုးနဲ့ အကြောင်းနဲ့ မှန်နေတာပဲ" ဆိုပီး ဝိုင်းထောက်ခံကြသည်။ လူတွေက အလုပ်ရှုပ်မှ မခံချင်ကြတာ။ တရက် တရက် ဆန်ပြုတ်လေး သောက်ပီး အေးရာအေးကြောင်းသာ နေလိုကြတယ်လေ။ မျက်စိ မြင်နေရရင် သူကြီးပြောသလို အလုပ်တွေ အင်မတန် ရှုပ်ရဦးမည်ကိုး။
အဲ့ဒီတော့ အဘွားကြီးက မနေနိုင်။ မျက်စိ မြင်ခြင်းရဲ့ အကျိုးတွေနဲ့ ကန်းခြင်းရဲ့ အပြစ်တွေကို ရှင်းပြရှာသည်။ မျက်စိကန်းအောင် လုပ်ထားတာ သူကြီး ဆိုတာကို ထောက်ပြသည်။ တချို့လူတွေက သဘော ပေါက်သလိုလို ရှိပေမယ့်၊ တချို့တွေက နားမလည်။
တချိန်လုံး မျက်စိ ကန်းခဲ့တော့ ပြန်မြင်ရတာကိုပဲ အပြစ်ကြီး တခုလို ထင်တဲ့သူက ထင်သည်။ သဘောပေါက်တဲ့ လူတွေက မျက်စိ မြင်ရတဲ့ ဘဝ နဲ့ ရှင်သန်ကြည့်ချင် ကြသည်။ တချို့က သူတို့ကို မျက်စိကန်းအောင် လုပ်ထားတာ သူကြီးပါ ဆိုတာတောင် မယုံ။
နောက်ဆုံး အကန်းဘဝ ပြန်သွားမလား၊ မျက်စိ မြင်ရတဲ့ ဘဝနဲ့ပဲ နေမလား ရွေးချယ်ရမယ့် အချိန်ကို ရောက်လာပြီ ရွေးချယ်မှု မှန်ခဲ့ရင်တော့ ဒီတကြိမ်နဲ့ပဲ အလင်းရောင်ကို တသက်လုံး မြင်နိုင်အောင် လုပ်ကြရမှာ၊ ရွေးချယ်မှု မှားသွားရင်တော့ အဖွားကြီးလည်း နောက်တခေါက် ပြန်မြင်အောင် လုပ်ပေးနိုင်တော့မည် မဟုတ်။ အသက်က ကြီးနေပီလေ။
အဲ့တော့ ရွာသားတွေရေ လိုက်မယ်ဆိုလည်း နောက်မကျစေနဲ့၊ မလိုက်လိုဘူး ဆိုလည်း အမှောင်ထဲမှာသာ နေခဲ့ကြတော့။
crd Mg Moe Kyaw<!--/data/user/0/com.samsung.android.app.notes/files/clipdata/clipdata_bodytext_220126_115533_720.sdocx-->