အကျင့်
အကျင့်
- By, Admin
တစ်ခါတုန်းက ချမ်းသာကြွယ်ဝသော သူဌေးကြီးတစ်ဦးဟာ ပညာရှိကြီးတစ်ဦးကို သူ့သားရဲ့ မကောင်းတဲ့ အကျင့်ဆိုးတွေ ပျောက်သွားအောင် သင်ကြားပေးပါရန် တောင်းဆိုခဲ့တယ်။ ဒါကြောင့် ပညာရှင်ကြီးက သူဌေးသားကို ဥယျာဉ်ထဲကို လမ်းလျှောက်ရန်ခေါ်သွားခဲ့တယ်။ လမ်းလျှောက်နေတဲ့ ပညာရှိဟာ ရုတ်တရက်ရပ်တန့်လိုက်ပြီး ကောင်လေးကို လမ်းဘေးမှာရှိတဲ့ မြက်ပင်သေးသေးလေးကို နုတ်ခိုင်းလိုက်တယ်။ လူငယ်လေးက ဒီမြက်ပင်လေးကိုလက်မနဲ့လက်ညှိုး လက်ချောင်းနှစ်ခုပဲသုံးပြီး ဆွဲနုတ်လိုက်တယ်။ ထို့နောက် ပညာရှိဟာ အနည်း ငယ်ကြီးသော မြက်ပင်ကို နုတ်ရန်ပြောခဲ့တယ်။ လူငယ်က ညာလက်နဲ့အားနည်းနည်းစိုက်ပြီး မြက်ပင်ကြီးကို နုတ်နိုင်ခဲ့တယ်။ ချုံကို ပညာရှိက ညွှန်ပြလိုက်ပြီး “အခုဒီ ပင်ကိုနုတ်လိုက်ပါ။” ကောင်လေးကဆွဲနုတ်ဖို့ လက်နှစ်ဘက်လုံးနဲ့ သူ့အစွမ်းခွန်အားအားလုံးကို သုံးလိုက်ရတယ်။
“အခုဒီအပင်ကို ထပ်နုတ်လိုက်ဦး”ဟု ပညာရှိက သစ်ပင်တစ်ပင်ကိုညွန်ပြလိုက်တယ်။ လူငယ်က လက်နစ်ဘက်လုံး၊ ခန္ဓာကိုယ်အား၊ ခြေကန်အား အားလုံးကိုသုံးပြီး ဆွဲနုတ်ဖို့ကြိုးစားခဲ့တယ်။ ဒါပေမယ့်အဲ့အပင်က မရွေ့တော့ဘူး။ “နုတ်ဖို့ မဖြစ်နိုင်ဘူး” ဟုကောင်လေးက နုတ်နေရာမှ မောပန်းစွာ ပြောလိုက်တယ်။ “အကျင့်ဆိုးတွေ ကလဲဒီလိုပဲ” ဟုပညာရှိကပြောလိုက်တယ်။ “သူတို့ငယ်တုန်းမှာ သူတို့ကိုဆွဲနုတ်ဖို့ လွယ်ကူပေမဲ့ ကြီးထွားလာရင်တော့ အမြစ်ပြတ်အောင် မနှုတ်နိုင်တော့ဘူး။”လို့ပညာရှိက လူငယ်လေးကို သင်ကြားပြသပေးခဲ့တယ်။ ပ ညာရှိရဲ့သင်ကြားပြသပေးမှုကြောင့် လူငယ်လေးဟာ သူဆီမှာရှိတဲ့ မကောင်းတဲ့အကျင့်ဆိုးတွေကို ပြောင်းလဲပစ်ခဲ့တယ်။ သင်ခန်းစာ – မကောင်းသော အကျင့်ဓလေ့များ ကြီးထွားလာသည်အထိ မစောင့်ပါနှင့်၊ ၎င်းတို့ကို သင်ထိန်းချုပ်နိုင်တုန်း ပြုပြင်လိုက်ပါ၊ ကြာရင် အကျင့်ဆိုးမှ သင့်ကိုထိန်းချုပ်လာလိမ့်မည်။
မူရင်းရေးသားသူအား Credit ပေးပါသည်