အားနည်းချက်ကိုသိဖို့ အရေးကြီးပါတယ်

အားနည်းချက်ကိုသိဖို့ အရေးကြီးပါတယ်
- By, Admin
တစ်ခါတုန်းက ခြင်္သေ့တစ်ကောင်ဟာ ရေစပ်မှာရေသောက်နေတဲ့ သမင်တစ်ကောင်ကိုလိုက်ရင်းလွတ်သွားခဲ့တယ်။ ဒါကို ကောင်းကင်မှာဝဲမှာနေတဲ့ သိန်းငှက်တစ်ကောင်ကမြင်တော့ ခြင်္သေ့ကို ပြောတယ်။
ဒီမှာ အဆွေ..အဆွေမှာ ကြံ့ခိုင်သန်စွမ်းတဲ့ ခြေတွေလက်တွေရှိတယ်။ ပြည့်ဝတဲ့ ခွန်အားတွေရှိတယ်။ အစွမ်းထက်လှတဲ့ ခြေသည်း လက်သည်းတွေရှိတယ်။ ဒါပေမယ့် ကျုပ်လိုမပျံသန်းနိုင်တော့ ခုလိုမျက်ခြေပြတ်သွားတဲ့ သားကောင်ကိုအဆွေ ရှာမတွေ့တော့ဖူးပေါ့..။
ကျုပ်ဆို ခဏလေး ကောင်းကင်ပေါ်ဝဲလိုက်တာနဲ့ သားကောင်ကိုမြင်နိုင်စွမ်းရှိတယ်။ ခြင်္သေ့က ဘာမှမပြောပဲ ရေထဲဆင်းသွားတယ်။ အဆွေသိန်းငှက် ကျုပ်လို ရေထဲ ဆင်းပြပါဆိုတော့ သိန်းငှက်က ပြောတယ် ကျုပ် ရေနေသတ္တဝါမဟုတ်ပါဘူး..။
ကျုပ်အတောင်တွေ ရေစိုသွားရင် ပျံသန်းရခက်တယ်။ ခြင်္သေ့က ပြန်ပြောတယ်၊ ဒီ သဘောတရားကို သိရင်ရပြီ အဆွေသိန်းငှက်၊ လောကမှာ အလွယ်ကူဆုံးကသူတပါးရဲ့ အပြစ်ကို ကြည့်တတ်ခြင်းဖြစ်ပြီး အခက်ခဲဆုံးက ကိုယ့်ကိုယ်ကို နားလည်ခြင်းဖြစ်တယ်။
တချို့ က သူတပါးရဲ့အပြစ်နဲ့အားနည်းချက်ကိုသိတယ်၊ ကိုယ့်ရဲ့အားနည်းချက် အပြစ်ကိုမေ့နေကြတယ်၊ တချို့က သူ့တပါးရဲ့ စွမ်းအင်ကို အားကျကြတယ်။ ကိုယ့်ရဲ့ လုပ်နိုင်စွမ်းအားကို လျစ်လျူရှု ထားကြတယ်၊ ကျုပ်က တောဘုရင် ခြင်္သေ့ ဒါပေမယ့် ကျုပ်ရဲ့ လည်ဆံမွှေးထဲက သန်းကိုကျုပ်မနိုင်ဘူး။
Credit – ဘာမထီဘွား..အတွေးစာစုလေးများ