ဉာဏ်ပညာ ထက်မြက်သော မိန်းမ

ဉာဏ်ပညာ ထက်မြက်သော မိန်းမ
- By, Admin
ရှေးရှေးတုန်းက ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီး အုပ်ချုပ်စဉ်ကာလ နယ်စပ် ကျေးရွာလေးတွေမှာ ခိုးသားဓားပြတွေ သောင်းကျန်းနေလို့ ဘုရင့် စစ်သည်တော် တွေကို လွှတ်ပြီး နှိမ်နင်း စေခဲ့ပါတယ်။ ခိုးသားဓားပြတွေဟာ ဘုရင့်စစ်တပ် လာမယ် ဆိုတာ ကြားကတည်းက အားလုံး တောထဲ ပြေးဝင် ခိုအောင်း သွားကြပါတော့တယ်။
ဘုရင့် စစ်သည်တော်တွေ ရောက်လာတော့ ဘယ်ခိုးသား ဓားပြမှ မတွေ့ရ တော့ပါဘူး။ ဒီအတိုင်း ပြန်သွားရင်လည်း မင်းပြစ်မင်းဒဏ် သင့်မှာဆိုတော့ စစ်သည်တွေဟာ နယ်စပ် ဇနပုဒ်လေး တခုမှာ လယ်လုပ် ကိုင်းခုတ်နေကြတဲ့ မိသားတစုကို အကြောင်းရှာပြီး ဖမ်းဆီးလိုက် ကြပါတယ်။
ယောက်ျားကြီး တယောက် ၊ လူလတ်ပိုင်း တယောက် လူငယ်လေးက တယောက်နဲ့ မိန်းမတယောက်မှာ မိန်းမကိုတော့ မဖမ်းဘူး။ကျန် သုံးယောက်စလုံးကို တုပ်နှောင် ဖမ်းဆီးပြီး မင်းနေပြည်ကို ခေါ်ဆောင် သွားပါတော့တယ်။ မိန်းမက ငိုယို တောင်းပန်ပေမယ့် မရပါဘူး။ ခိုးသားဓားပြ အကြောင်း ပြ၍ ဖမ်းဆီး သွားတယ်လို့ ဆိုပါတယ်။
စစ်သည်တော်တို့ ဖမ်းဆီးခဲ့ သူများအနက် လူကြီးကတော့ သူမ၏ လင်ယောက်ျား ဖြစ်တယ်။ လူလတ်မှာ သူမ၏ မောင်ငယ် ဖြစ်ပြီး လူငယ်လေးမှာ သူမ၏ သားဖြစ်ပါတယ်။ မတရား ခံခဲ့ရတဲ့ မိန်းမဟာ မကျေနပ် နိုင်လို့ မင်းနေပြည်ကို လိုက်သွားပြီး နန်းရင်ပြင်က ဟစ်တိုင်မှာ စည်ကြီးကို ထုပြီး အော်ဟစ် နေတော့တာပေါ့။ "ကျွန်တော်မျိုးမကို အဝတ် ပေးတော်မူပါဘုရား၊ အဝတ် ပေးတော်မူပါ"
တစာစာ ဟစ်ကြွေးနေသံကို ကြားတော့ ဘုရင်မင်းတရားက အမတ်တွေ လွှတ်ပြီး အဝတ်တွေ ပေးခိုင်း လိုက်ပါတယ်။ ဒီလို ပေးပြန် တော့လည်း မဟုတ်သေးဘဲ အောက်ပါအတိုင်း ပြောပြန်ပါတယ်။ "ကျွန်တော်မျိုးမ လိုချင်တာ ဒီအဝတ်တွေ မဟုတ်ပါဘူး။ လင်ယောက်ျား ဆိုတဲ့ အဝတ်ကို တောင်းခံနေတာ ဖြစ်ပါတယ် ဘိုးဘိုးတို့"
မိန်းမငယ်ရဲ့ စကားက အဆန်း ဖြစ်နေတော့ ဉာဏ်ရည်မြင့်တဲ့ ဘိုးဘိုးတောင် လိုက်မမှီနိုင်ဘူး ဖြစ်နေတယ်။ နောက်ဆုံး မင်းကြီး ကိုယ်တိုင် ရောက်လာပြီး မေးယူရ တော့တယ်။ ဒီတော့မှ မိန်းမငယ်က မင်းကြီးကို အောက်ပါအတိုင်း ရှင်းလင်း ပြောကြားပါတော့တယ်။
"မှန်လှပါ အရှင်မင်းကြီး၊ မြစ်ရေတို့ မည်သည်မှာ တည်ငြိမ်နေလို့ မတင့်တယ် စီးဆင်း နေမှသာ တင့်တယ်ပါတယ်။ တိုင်းပြည် တပြည်မှာလည်း အုပ်ချုပ်မယ့် ဘုရင် မရှိလျှင် မဖြစ် ဘုရင်ရှိမှ ပြည့်စုံပါတယ်။ ဒီလိုပါပဲ ကျွန်တော်မျိုးမတို့ မိန်းမသားတွေ ဘဝမှာလည်း မောင်တကျိပ်ပင် ရှိလင့်ကစား လင်တယောက်မှ မရှိလျှင် အဝတ်မဲ့သလို လုံခြုံမှု မရှိပါဘုရား။ သို့ဖြစ်ပါ၍ လင်ယောက်ျား ဆိုသည့် အဝတ်ကို တောင်းဆိုနေရခြင်း ဖြစ်ပါတယ် ဘုရား"
"အိမ်း ကောင်းလေစွ ကောင်းလေစွ။ ဒါနဲ့ အမိငယ်ကို ငါက ဘယ်လင်ကို ရှာပေးစား ရမှာလဲ။ ဘုရင်ကို လင် တက်ရှာခိုင်းတာ နင်တယောက်ပဲ တွေ့ဘူးသေးတယ်" လို့ ဘုရင်က မေးတယ်။ ဉာဏ်လိုက်မမှီတဲ့ ဘုရင်ကို မိန်းမငယ်က အဖြစ်မှန်တွေ ရှင်းပြ လိုက်ပါတယ်။ ဒီတော့မှ ဘုရင်ဟာ အပြစ်မရှိပဲ ဖမ်းဆီး ခံရတဲ့ လူသုံးယောက် အကြောင်းကို သိသွားပါတော့တယ်။
ဒါပေမယ့် မိန်းမငယ်ရဲ့ ဉာဏ်ကို စမ်းသပ်ချင်သေးတာနဲ့ အမတ်များနဲ့ တိုင်ပင်ပြီး အမိန့်တော်တခု ချမှတ် လိုက်ပါတယ်။ "ဒီမှာ အမိငယ်၊ ငါမင်းကြီးအနေနဲ့ အပြစ်သား သုံးယောက် စလုံးတော့ လွှတ်မပေးနိုင်ဘူး။ ဒီအထဲက တယောက်ကိုပဲ လွှတ်ပေးနိုင်မယ်။ ဒါကြောင့် အဘယ်တယောက်ကို သင်တောင်းဆိုမလဲ"
ထိုအခါ မိန်းမငယ်က မဆိုင်းမတွပင် "လွှတ်ပေးနိုင်မယ် ဆိုရင်လည်း အကုန် လွှတ်ပေးတော် မူပါဘုရား။ တယောက်ထဲကိုပဲ လွှတ်ပေးနိုင်မယ် ဆိုရင်တော့ ကျွန်တော်မျိုးမ၏ မောင်ငယ်ကိုသာ လွှတ်ပေးတော်မူပါ အရှင်မင်းကြီး" လို့ ပြောတယ်။ မိန်းမငယ်၏ စကားကြောင့် မင်းကြီး အံ့အားသင့်ကာ "အလို ခုနကတော့ လင်ယောက်ျား အဝတ်ကို တောင်းဆိုခဲ့တယ်။ အခု တယောက်ပဲ ရွေးရမယ် ဆိုပြန်တော့မောင်ငယ် ဖြစ်သွားပြန်ရော။ အပြောင်းအလဲ မြန်လှချည်လား အမိရဲ့"
"ဒီလိုရှိပါတယ် အရှင်မင်းကြီး ကျွန်တော်မျိုးမဟာ ငယ်ငယ်ရွယ်ရွယ်ပဲ ရှိသေးသည့် အတွက် လင်ယောက်ျား တယောက်ကို အချိန်မရွေးထပ်၍ ယူနိုင်သလို သားသမီးလည်း ထပ်ယူလို့ ရနိုင်ပါသေးတယ် ဘုရား။ မောင်ငယ်ကတော့ တမိပေါက် တယောက်သာ ရှိတာမို့ နောက်ထပ် မောင်အစား မရှိနိုင်တော့သည့် အတွက် မောင်ငယ်ကို ရွေးချယ်ရခြင်း ဖြစ်ပါတယ်ဘုရား"
မိန်းမငယ်၏ အဖြေစကားကို မင်းကြီး သဘောကျတေ ာ်မူသွားပါတယ်။ "ပညာဉာဏ် ထက်မြက်လှ ပါပေတယ် အမိ။ သင့်မိသားစုမှာ တကယ် အပြစ်မရှိ တာကိုလည်း ငါကိုယ်တော် ယုံကြည်မိပါတယ်။ ဒါကြောင့် အားလုံးကို လွှတ်ပေးလိုက် ပါတော့မယ်" ဟု မိန့်တော်မူကာ ဆုတော်ငွေများနှင့် တကွ သုံးယောက်စလုံးကို လွှတ်ပေးလိုက် ပါတော့တယ်။
မိန်းမတယောက်ရဲ့ တကယ် လိမ်မာပါးနပ်တယ် ဆိုတာ အဖိုးမဖြတ်နိုင်တဲ့ ဉာဏ်ပညာ ထက်မြက်မှု ဆိုတာကို တွေ့မြင်နိုင်မှာပါ။ ဉာဏ်ပညာ ပြည့်စုံတဲ့ မိန်းမတယောက်ဟာ ဉာဏ်အမြင်နဲ့ အရာရာကို ဆင်ခြင် သုံးသပ် နိုင်လိမ့်မယ်၊ ဝေဖန်ပိုင်းခြား နိုင်မယ်၊ အကောင်းနဲ့ အဆိုး ခွဲခြားဆုံးဖြတ် နိုင်မယ်။
ဒီလို မိန်းမမျိုးဟာ ကိုယ်ကျင့်တရားနဲ့ ပတ်သက် လို့လည်း စိတ်ချနေရမှာပဲ ဖြစ်ပါတယ်။ အစစ အရာရာ ဝေဖန်ပိုင်းခြား နိုင်ပြီး ဆင်ခြင်သုံးသပ် နိုင်သော အမျိုးသမီးကောင်းများ ဖြစ်ကြဖို့ စာဖတ်ခြင်းဖြင့် လိမ်မာပါးနပ်မှုကို ရယူပါ။ လိမ်မာပါးနပ်သော အမျိုးသမီးများ ပေါ်ပေါက် ထွန်းကားနိုင်ကြပါစေ။
Crd