ရန်သူဖြစ်ချင်လား မိတ်ဆွေဖြစ်ချင်လား

ရန်သူဖြစ်ချင်လား မိတ်ဆွေဖြစ်ချင်လား

ရန်သူဖြစ်ချင်လား မိတ်ဆွေဖြစ်ချင်လား

Feb,8,2022  
  • By, Admin  

တခါတုန်းကပေါ့။ ရွာလေးတရွာမှာ လူနှစ်ယောက်ဟာ အိမ်နီးနားချင်းတွေ အဖြစ် နေထိုင်ကြတယ်။ တဦးက လယ်သမားဖြစ်ပြီး နောက်တဦးကတော့ မုဆိုးတယောက် ဖြစ်ပါတယ်။ လယ်သမားဟာ သူနေတဲ့ အိမ်ကလေးမှာ ဘဲတွေ မွေးထားတယ်။ မုဆိုးကတော့ သူ့ခြံဝန်းထဲမှာ အမဲလိုက်ခွေးတွေ မွေးမြူ ထားခဲ့တယ်။

မကြာခဏ ဆိုသလို အမဲလိုက်ခွေးတွေဟာ လယ်သမားရဲ့ ခြံထဲကို ဝင်ရောက်ပြီး လယ်သမား မွေးထားတဲ့ ဘဲတွေကို သတ်ဖြတ်စားသောက်လေ့ ရှိကြတယ်။ လယ်သမားက မုဆိုးဆီ သွားပြီး အမဲလိုက်ခွေးတွေကို ထိမ်းသိမ်းထားဖို့နဲ့ လွှတ်မထားဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့တယ်။

ဒါပေမယ့် မုဆိုးဟာ နေမြဲအတိုင်း နေပြီး ခွေးတွေကို ဒီအတိုင်း လွှတ်ထားခဲ့တယ်။ နောက်ဆုံးတော့ လယ်သမားဟာ လုံးဝကို သည်းမခံနိုင်တော့ပဲ ရွာမှာရှိတဲ့ အကြီးအကဲဆီ သွားပြီး မုဆိုးရဲ့ ခွေးတွေကို အရေးယူပေးဖို့ တောင်းဆိုခဲ့တယ်။

လယ်သမားရဲ့ ပြောကြားချက်ကို ကြားပြီးတော့ အသိပညာနဲ့ ပြည့်စုံတဲ့ အကြီးအကဲက အောက်ပါအတိုင်း ပြောတယ်။

"အဲဒီ မုဆိုးကို ကျုပ်က အရေးယူပေးလို့ ရပါတယ်။ ခွေးတွေကိုလည်း ချုပ်နှောင်ထားဖို့ အမိန့်ပေးလို့ ရပါတယ်။ အဲဒီလို လုပ်လိုက်မယ်ဆိုရင် ခင်များမှာ မိတ်ဆွေကောင်း အိမ်နီးနားချင်းတယောက် ဆုံးရှုံးသွားနိုင် ပါတယ်။ ခင်ဗျားနဲ့ အတူ နေရတဲ့ အိမ်နီးနားချင်းကို ရန်သူဖြစ်စေချင်သလား၊ မိတ်ဆွေ ဖြစ်စေချင် ပါသလား"

လယ်သမားက တချက် စဉ်းစားလိုက်ပြီး "မိတ်ဆွေပဲ ဖြစ်စေချင်ပါတယ်" လို့ ဖြေလိုက်တယ်။ အဲဒီအခါ အကြီးအကဲက ဆက်ပြောတယ်။ "ကောင်းပါပြီ၊ ဒါဆို ကျုပ် အကြံတခု ပေးပါ့မယ်။ ဘဲတွေ မဆုံးရှုံး စေရသလို မိတ်ဆွေတယောက် တိုးလာပါလိမ့်မယ်"

လယ်သမားက အိမ်ကို ပြန်သွားပြီး အကြီးအကဲ ပြောတဲ့အတိုင်း အိမ်မှာ မွေးထားတဲ့ ဘဲတွေထဲက အလှဆုံးဘဲ လေးကောင်ကို ရွေးပြီး မုဆိုးရဲ့ သားလေးယောက်ကို လက်ဆောင်အဖြစ် ပေးလိုက်တယ်။ လက်ဆောင် ဘဲလေးတွေနဲ့ နေ့တိုင်း ပျော်ရွှင်စွာ ကစားနေတဲ့ သားလေးယောက်ကို တွေ့တဲ့အခါ မုဆိုးဟာ နေ့တိုင်း ဝမ်းသာ ကြည်နူးနေ ရတယ်။

ပြီးတော့ သားလေးတွေ လက်ဆောင်ရထားတဲ့ ဘဲတွေကို ကိုက်စားမှာ စိုးလို့ အမဲလိုက် ခွေးတွေကို သေချာ လှောင်ထားလိုက် ပါတော့တယ်။ လယ်သမားကိုလည်း ကျေးဇူးတွေ တင်ပြီး အမဲလိုက်လို့ ပြန်လာတဲ့အခါ အသားတွေကို ဝေငှ ပေးတတ်လာပါတယ်။

လယ်သမားကလည်း ခြံထွက်သီးနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေ ဘဲဥတွေကို လက်ဆောင်အဖြစ် မုဆိုးကို ပေးခဲ့တယ်။ ဒီလိုနဲ့ သူတို့နှစ်ဦးဟာ အိမ်နီးချင်းကောင်းတွေ ဖြစ်လာကြ ပါတယ် ။

တခါတလေ လောကကြီးမှာ ကိုယ်လိုချင်တာ တခုတည်း ကြည့်နေလို့ မဖြစ်နိုင်ပါဘူး။ သူတပါးကို ဘယ်လို ဖြည့်ဆည်းပေး လိုက်ရင် မိတ်ဆွေ ဖြစ်သွားမလဲ ဆိုတဲ့ အချက်ကလည်း အရေးကြီး လှပါတယ်။ ကိုယ်ချင်းစာစိတ် လေးက အရေးအကြီးဆုံး ပါပဲ။

မိတ်ဆွေစစ် မိတ်ဆွေမှန်ကို လိုချင်ရင် ကိုယ့် လိုအင်ဆန္ဒ တခုထဲ၊ ကိုယ်ဖြစ်ချင်တာ တခုထဲကိုပဲ ဦးစားမပေး ပါနဲ့။ တကိုယ်ကောင်း မဆန်ပါနဲ့။ သူ့ဖက်ကိုလည်း စာနာပြီး ဦးစားပေးတတ် မှသာ ရန်သူဘဝ ကနေ မိတ်ဆွေ ဖြစ်သွားနိုင်တာပါ။

စာဖတ်သူကော ရန်သူ လိုချင်တာလား၊ မိတ်ဆွေ လိုချင်တာလား။

Crd phoomyatchal