ဘဝတခုကို ပြောင်းလဲစေသည့် စကားတခွန်း

ဘဝတခုကို ပြောင်းလဲစေသည့် စကားတခွန်း

ဘဝတခုကို ပြောင်းလဲစေသည့် စကားတခွန်း

Feb,5,2022  
  • By, Admin  

ကြက်ပျံမကျ စည်ကားတဲ့ ပွဲခင်းတခုမှာ မိခင်တဦးက ၅ နှစ်သား ကလေးငယ်ကို ရောင်စုံ မိုးပျံ ပူစီဖောင်း တလုံး ဝယ်ပေးခဲ့တယ်။ ကလေးငယ်က ပူစီဖောင်းက ကြိုးသေးလေးကို ကိုင်ပြီး ပွဲခင်းထဲမှာ ခုန်ဆွ ခုန်ဆွနဲ့ ပျော်နေခဲ့တယ်။

ပွဲခင်းထဲမှာ ပြေးလွှား ကစားရင်း မမျှော်လင့်ဘဲ လက်ထဲက ပူစီဖောင်း လွတ်သွားခဲ့တယ်။ ရုတ်တရက်မို့ ကလေးငယ်က အံ့သြ တုန်လှုပ်ပြီး ကောင်းကင်ပေါ် တက်သွားတဲ့ ပူစီဖောင်းကို ကြည့်ပြီး နှမြောတသနဲ့ ငိုမဲ့မဲ့ ဖြစ်နေခဲ့တယ်။

ဒါကို ထက်မြက်တဲ့ မိခင်က မြင်တော့ သားရှေ့ ထိုင်ချပြီး ဝမ်းသာပျော်ရွှင်တဲ့ အသံနဲ့ "သားရေ ကြည့်စမ်း ပူဖောင်းရဲ့ မေမေက ပူဖောင်းကလေးကို ထမင်းစား ပြန်ဖို့ ခေါ်သွားပြီ။ သား လက်ပြ နှုတ်ဆက်လိုက်လေ" လို့ ပြောလိုက်တယ်။

ထူးခြား ဆန်းသစ်တဲ့ မိခင်ရဲ့ စကားကြောင့် ဝမ်းနည်းတာ တွေကို ကလေးက မေ့သွားခဲ့ပြီး အမြင့်ပေါ် ပျံတက်သွားတဲ့ ပူစီဖောင်းကို လက်ပြနှုတ်ဆက် နေခဲ့တယ်။ ပါးစပ်မှာလည်း "တာ့တာ တာ့တာ" နဲ့ ဝဝ ကစ်ကစ် ကလေးငယ်ရဲ့ မျက်နှာမှာ လင်းလက်တဲ့ အပျော်တွေ သမ်းနေခဲ့တယ်။

ဒီမြင်ကွင်းက ကျွန်တော့် မျက်စိကနေ တဆင့် ရင်ထဲကို စူးစူးနစ်နစ် ထိုးဝင် ခံစားစေ ခဲ့ပါတယ်။ မိခင်က အခက်အခဲကို ကယ်ဆယ် လိုက်ရုံမက ဝမ်းနည်းစိတ်ကို ပျော်ရွှင်စိတ်ဘက် မသိမသာ ပြောင်းရွှေ့ လိုက်ပြီး ကျန်းမာတဲ့ အမြင်ကို သားရင်ထဲ အရောက် ပို့ပေးခဲ့တယ်။

တကယ်တော့ ဘဝမှာ ဖြစ်ပျက်တဲ့ ပြဿနာ အခက်အခဲ ကိစ္စတွေလည်း ဖြေရှင်းပုံ မမှန်ခဲ့ရင် အဆိုးဘက် ပိုရောက်ပြီး ပြဿနာကို ကြီးထွားစေနိုင်ပါတယ်။

အကယ်၍ ပူစီဖောင်း ပျံတက်သွားတဲ့ တခဏမှာ မိခင်က "မငိုနဲ့ သား၊ မငိုနဲ့ မေမေ နောက်တလုံး ဝယ်ပေးမယ်" လို့ ပြောခဲ့ရင် သားရဲ့ စိတ်ထဲမှာ "ကိုယ် အမှား လုပ်ခဲ့မိရင် လူကြီးတွေက တာဝန် ယူလိမ့်မယ်၊ လူကြီးတွေက ဖာထေးပေးမယ်၊ အလျှော်ပေးမယ်" ဆိုတဲ့ အတွေးမှားမျိုး ဝင်ရောက်နိုင်ပါတယ်။ ဒီလိုအတွေးမှားက အကျင့်တစ်ခုလို သူရင်မှာ ခိုအောင်းနေလိမ့်မယ်။

အကယ်၍ မိခင်က "အာ ကြည့်စမ်း၊ ဒီလောက်တောင် တုံးရသလား။ ပူဖောင်းတလုံး ကိုတောင် မြဲအောင် မကိုင်နိုင်ဘူးလား" လို့ ဆူပူခဲ့ရင် ကလေးငယ်က ကိုယ့်ကိုယ်ကို ယုံကြည်မှု ကင်းမဲ့လာပြီ ဒါလေးတောင် ငါမလုပ်နိုင်ဘူး ဆိုတဲ့ သိမ်ငယ်စိတ်တွေ ဝင်သွားနိုင်ပါတယ်။

အကယ်၍ မိခင်က "ဟင်း ပူဖောင်း ရောင်းတဲ့လူက သွားပြီ။ သားကို မေမေ နောက်တလုံး ဝယ်ပေးလို့ မရတော့ဘူး" လို့ သက်ပြင်းချ ငြီးငြူခဲ့ရင် နောင်တချိန်မှာ အခက်အခဲနဲ့ ကြုံလာတဲ့ အချိန် ကလေးငယ်မှာလည်း စိတ်ပျက်ငြီးငြူ၊ လက်လျော့မှုတွေ များလာတတ် ပါတယ်။

အပေါ်က မိခင်လို အဓိပ္ပါယ်ရှိတဲ့ ထီထွင် ဆန်းသစ်မှု အသစ်နဲ့ ကလေးငယ်ရဲ့ ဝမ်းနည်းနေတဲ့ အာရုံကို အဝေးသို့ လွင့်စင် သွားနိုင်အောင် ဆွဲဆောင်နိုင် ခဲ့သလို ကလေးငယ်ရဲ့ တွေးတောလိုစိတ်ကို တံခါးဖွင့်ပေး လိုက်နိုင်ခဲ့ပါ တယ်။

အဲဒီအပြင် ထမင်းစားချိန်မှာ မေမေ ထမင်းစားခေါ်လို့ သူပြန်သွားတယ် ဆိုတဲ့ မိခင်စကားကို နားထောင်တဲ့ ကလေးတဦးအဖြစ် ကလေးငယ်ကို လှပတဲ့ အတွေး ဝင်စေခဲ့ပါတယ်။

အဆိုးကို အကောင်း ပြောင်းတာ မှန်ပေမယ့် အဲဒီ အပြောင်းအလဲ ကြားမှာ အကျိုးရှိတဲ့ အတွေးလေးတွေ၊ ဆန်းသစ်မှုတွေလည်း လိုအပ်ပါတယ်။ အမြဲတမ်း ရှိနေပါတယ်။ လူတချို့ ကိုယ့်ဘဝထဲ ဝင်လာကြတယ်၊ ဒါပေမယ့် တချို့က မြန်မြန်ဆန်ဆန် ထွက်ခွါ သွားကြတယ်။

Crd Nyein Chan