စစ်မှန်သောပျော်ရွှင်မှု
စစ်မှန်သောပျော်ရွှင်မှု
- By, Admin
တန့မှာ လူငယ်လေး နှစ်ယောက်ဟာ ဟောင်းနွမ်းနေတဲ့ ရှုးဖိနပ် တရံကို ယာတော အစပ်မှာ တွေ့လိုက်တယ်။ ဒီဖိနပ်ဟာ ယာလုပ်နေတဲ့ အဖိုးကြီးရဲ့ ဖိနပ် ဖြစ်မယ် ဆိုတာ သူတို့ သိတယ်။
ပထမလူငယ်က "အကို၊ ကျနော်တို့ သူ့ဖိနပ်ကို ခြုံပုတ် နောက်မှာ ဝှက်ထားလိုက် ရအောင်။ ဒါမှ သူ ဖိနပ်ကို ရှာမတွေ့လို့ ဗျာများ နေတာကို ကြည့်ပြီး ရယ်ကြတာပေါ့။ ပျော်ချင်လို့ပါ"
ဒုတိယလူငယ်က "ညီလေး၊ သူများ ဒုက္ခရောက်တာကို ကြည့်ပြီး ပျော်တယ် ဆိုတာ မကောင်းဘူး။ မင်း တကယ် ပျော်ချင်သလား ဒီလိုလုပ်ကွာ၊ ငါတို့မှာ ပါတဲ့ ပိုက်ဆံတွေကို ရှုးဖိနပ်၂ ဖက် မှာ ခွဲထည့်ထား ကြမယ်။ အဖိုးကြီးက ဖိနပ် စီးကြည့်လို့ အံ့အားသင့်ပြီး ဘာလုပ်ရမှန်း မသိ ဖြစ်နေတာကို ကြည့်ပြီး ပျော်ကြတာပေါ့"
"အကို ပြောသလို တကယ် ပျော်ရမယ်ဆိုရင် လုပ်ကြတာပေါ့"
သူတို့ နှစ်ယောက်ဟာ ပိုက်ဆံတွေကို ဖိနပ်၂ ဖက် မှာ ထည့်ပြီး နေရာမှာ ပြန်ချထား လိုက်တယ်။ ပြီးတော့ ခြုံနောက်မှာ ပုန်းပြီး စောင့်နေကြတယ်။ မကြာခင် အဖိုးကြီး ရောက်လာတယ်။ သူ့ဖိနပ် တဖက်ကို အရင် စီးတယ်။
ဖိနပ်ထဲမှာ တခုခု ခံနေလို့ လက်နဲ့ နှိုက်ကြည့် လိုက်တော့ ပိုက်ဆံတွေ တွေ့တယ်။ သူဟာ အံ့သြသလို ဖြစ်သွားတယ်။ ဖိနပ် နောက်တဖက်ကို စီးပြန်တယ်။ ဖိနပ်ထဲက ပိုက်ဆံတွေ ထပ်တွေ့ပြန်တယ်။
အဖိုးကြီးဟာ မျက်ရည်တွေ စီးကျလာတယ်။ ပြီးတော့ မြေကြီးပေါ်မှာ ဒူးထောက် လက်အုပ်ချီရင်း ပါးစပ်က အခုလို အသံထွက် ပြောလိုက်တယ်။
"အို ဘုရားသခင်၊ အခု ပိုက်ဆံပေးသူ ဘယ်သူဆိုတာ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် သူ့ကို အရမ်း ကျေးဇူးတင်ပါတယ် ဘုရား။ ဘာဖြစ်လို့လဲ ဆိုတော့ အိမ်ကမိန်းမ နေမကောင်းတာ ၃ ရက် ရှိနေပြီ။ ဆေးဝယ်ဖို့ ပိုက်ဆံ မရှိဘူး။
သမီးလေးလည်း အိမ်မှာ စားစရာ မရှိလို့ မနက် ကတည်းက ဘာမှ မစားရသေးဘူး။ အခုရတဲ့ ပိုက်ဆံနဲ့ မိန်းမအတွက် ဆေးဝယ်သွားလို့ ရပြီ။သမီးလေး အတွက်လည်း စားစရာတွေ ဝယ်သွားလို့ ရပြီ။ ဝမ်းသာလိုက်တာဗျာ"
ပထမ လူငယ်ဟာ ဒီမြင်ကွင်းကို ကြည့်ပြီး ဝမ်းသာလွန်းလို့ မျက်ရည်တွေ စီးကျနေတယ်။ ဒုတိယ လူငယ်လည်း ပထမလူငယ်ကို ကြည့်ရင်း ဝမ်းသာနေတယ်။ ပျော်ချင်သလား။ သူများကို ပျော်အောင် လုပ်ပေးရင် မိမိလည်း ပျော်ရ ပါလိမ့်မယ်။
Crd