ကိုယ့်အတွက်သာ ကြည့်တတ်သူ

ကိုယ့်အတွက်သာ ကြည့်တတ်သူ

ကိုယ့်အတွက်သာ ကြည့်တတ်သူ

Feb,3,2022  
  • By, Admin  

တခါတုန်းက ဝံပုလွေ တကောင်ဟာ သားကောင်ကို အငမ်းမရ စားရင်း လည်ချောင်းထဲမှာ အရိုးတချောင်း ကန့်လန့် ခံသွားတယ်။

အရိုးကို အန်ထုတ် လို့လည်း မရ၊ မျိုချ လို့လည်း မရတာကြောင့် လည်ချောင်းမှာ နာကျင်တဲ့ ဝေဒနာ ခံစား နေရတဲ့ အပြင် နောက်ထပ် ဘာအစားအသောက်မှ ထပ် စားလို့ မရတော့တဲ့ အတွက် ဆာလောင်မှု ဝေဒနာကိုပါ ခံစား နေရတယ်။

အဲဒါနဲ့ ဝံပုလွေဟာ သူ့လည်ချောင်းထဲ ကန့်လန့် ခံနေတဲ့ အရိုးကို ထုတ်ပေးနိုင်မယ့် သတ္တဝါကို စဉ်းစား ကြည့်လိုက်တော့ ကြိုးကြာငှက်ကို စဉ်းစားမိ ပါတယ်။

ကြိုးကြာငှက်ဟာ နှုတ်သီးကလည်း ရှည်၊ လည်ပင်း ကလည်း ရှည်တာမို့ သူ့လည်ချောင်း ထဲကို နှုတ်သီး ထိုးသွင်းပြီး အရိုးကို ဆွဲထုတ် ပေးလို့ ရနိုင်တယ်လို့ တွေးမိလိုက်တယ်။ အဲဒါနဲ့ သူဟာ ကြိုးကြာ ငှက်ရှိရာကို သွားပြီး အကူအညီ တောင်းတယ်။

"အဆွေ ကျွန်ုပ်ကို ကူညီပါ၊ ကျွန်ုပ်ရဲ့ လည်ချောင်းထဲမှာ အရိုးတရိုး ကန့်လန့် ခံနေတာမို့ မစားနိုင် မသောက်နိုင် ဖြစ်နေတာ ကြာပါပြီ။ သင့် နှုတ်သီးနဲ့ ကိုက်ပြီး ဆွဲထုတ် ပေးရင် ရနိုင် ပါတယ်။ အဲဒီအရိုးသာ ထွက်သွားရင် ကျွန်ုပ် သင့်ကို ကျေးဇူး ဆပ်ပါ့မယ်"

ဝံပုလွေရဲ့ တောင်းပန်မှုကြောင့် ကြိုးကြာငှက်က ဝံပုလွေကို ပါးစပ် ဟခိုင်း လိုက်ပါတယ်။ သူ့ရဲ့ ရှည်လျားတဲ့ နှုတ်သီးနဲ့ သေးသွယ်တဲ့ လည်ပင်းကို ဝံပုလွေရဲ့ အာခေါင်က တဆင့် လည်ချောင်းထဲ ထိုးသွင်းပြီး ကန့်လန့် ခံနေတဲ့ အရိုးကို ဆွဲထုတ် ပေးလိုက် ပါတယ်။

ဝံပုလွေလည်း ဝေဒနာ ပျောက်ကင်း သွားတာမို့ ဝမ်းသာအားရ ဖြစ်သွားတယ်။ ကြိုးကြာငှက်ကို ကျေးဇူးတင်စကား ပြောပြီး ပြန်လှည့်အထွက် ကြိုးကြာငှက်က နောက်ကနေ လှမ်းမေး တယ်။

"အဆွေ၊ အသင်ပြောတော့ အရိုး ထွက်သွားရင် ကျွန်ုပ်ကို ကျေးဇူး ဆပ်မယ်ဆို၊ ဘာဖြစ်လို့ လှည့်ထွက် သွားတာလဲ"

ဒီတော့ ဝံပုလွေက နောက်ကို ပြန်လှည့်ကြည့်ပြီး ပြောလိုက်ပါတယ်။ "အသင်၊ ကျွန်ုပ် အသင့်ကို ကျေးဇူးဆပ်ခဲ့ ပြီးပါပြီ။ ကျွန်ုပ်ရဲ့ အာခံတွင်းထဲ ရောက်လာတဲ့ သင့်ဦးခေါင်းကို ကိုက်မဖြတ်ဘဲ ထားလိုက်တာ ကျေးဇူး ဆပ်တာပဲပေါ့။ အသင့်ကို သတ်ဖြတ် မစားသွားတာ ကိုပဲ ဝမ်းသာပါတော့"

Credit