လောဘကြီးသော မြေပိုင်ရှင်
လောဘကြီးသော မြေပိုင်ရှင်
- By, Admin
တခါတုန်းက ရွာတရွာမှာ မြေပိုင်ရှင် တဦးဟာ သူ့ဇနီး၊ ကလေး နှစ်ယောက်နဲ့ နေထိုင်လျက် ရှိတယ်။ သူတို့ဟာ တကယ့်ကို ယဉ်ကျေးပြီး ဆက်ဆံရေး ကောင်းမွန်တဲ့ သူတွေပါ။
သူတို့မှာ နေ့စဉ် ရွှေဥ တလုံး ဥပေးတဲ့ ကြက်မ လှလှလေး တကောင် ရှိတယ်။ ဒါပေမယ့် မြေပိုင်ရှင်ဟာ သူနေ့စဉ် ရရှိခဲ့တဲ့ ရွှေဥ တလုံးနဲ့ မရောင့်ရဲ မကျေနပ်နိုင်ဘူး ဖြစ်နေတယ်။
သူဟာ ရွာမှာ လူချမ်းသာ တဦး ဖြစ်ပေမယ့် တမြို့လုံး တနိုင်ငံလုံးမှာ ကြော်ကြားတဲ့ သူဌေးကြီး ဖြစ်ချင် လာတယ်။ သူဟာ အဲ့ဒီ လောဘကပဲ တနေ့ တလုံးပဲ ဥပေးတဲ့ ကြက်မလေးရဲ့ ဗိုက်ထဲမှာ မရေမတွက် နိုင်လောက်တဲ့ ရွှေတွေ ရှိနေမယ်လို့ ယုံကြည် လာတယ်။
သူဟာ ကြက်မရဲ့ ဗိုက်ထဲက ရွှေအားလုံးကို တပြိုင်နက်တည်း ရယူ လိုလာတယ်။ ဒါ့ကြောင့် သူဟာ သူ့ရဲ့ အစီအစဉ် အတိုင်း ဆောင်ရွက်ဖို့ ဆုံးဖြတ် လိုက်တယ်။
နောက်တနေ့ မှာတော့ ကြက်မက ရွှေဥတလုံး ဥပြီးစဉ်မှာ သူဟာ ကြက်မလေးကို ဖမ်းလိုက်ပြီး ဓားထက်ထက် တလက်နဲ့ ကြက်မရဲ့ လည်ပင်းကို လှီးဖြတ်ပြီး ကြက်မရဲ့ ဗိုက်ကို ခွဲလို့ ရွှေတွေကို ရှာလိုက်တယ်။
ဗိုက်ထဲမှာ ကလီစာတွေနဲ့ သွေးတွေက လွဲပြီး ဘာမှ မရှိတဲ့အခါ အလွန် စိုးရိမ်သွားပြီး ကြက်မရဲ့ တကိုယ်လုံးကို အစိတ်စိတ် အမွှာမွှာ တုံးတစ်ပြီး သေချာအောင် အထပ်ထပ် ရှာပါတော့တယ်။
ဒါပေမယ့် ရွှေနဲ့တူတာ ဘာမှ ရှာမရ တော့ပါဘူး။ သူနဲ့ သူ့မိသားစုဟာ အလွန်ကိုမှ နောင်တ ရသွားတယ်။ နောက်နေ့က စလို့ ရွှေဥ မရနိုင်တော့ ပါဘူး။
သူတို့ရဲ့ ဘဝဟာ တနေ့ ရွှေဥတလုံးနဲ့ အဆင်ပြေ ချောမွေ့စွာ နေထိုင်ခဲ့ရ သော်လည်း လောဘ ကြီးမှုကြောင့် ယခုတော့ ကိုယ့်ဘဝကိုယ် ပျက်အောင် လုပ်ခဲ့မိတယ်။သူဟာ တနေ့ထက် တနေ့ စိတ်ဆင်းရဲ လာပြီး နောက်ဆုံးမှာ ရူးသွားခဲ့ ပါတော့တယ်။
ဒီပုံပြင်က အလိုကြီး အရနည်း တတ်တာကို ဖော်ပြပေး ထားတာ ဖြစ်ပြီး နေ့စဉ် ရွှေဥ ဥပေးနေတဲ့ ကြက်ကို မသတ်ဘဲ တခြား နည်းလမ်းနဲ့ ဝင်ငွေ တိုးအောင်သာ ဆောင်ရွက်သင့် ပါတယ်။
Crd