မာန်မာနတွေကို ဖယ်ထုတ်လိုက်ပါ

မာန်မာနတွေကို ဖယ်ထုတ်လိုက်ပါ

မာန်မာနတွေကို ဖယ်ထုတ်လိုက်ပါ

Jan,31,2022  
  • By, Admin  

တခါတုန်းက လူငယ်တဦးသည် ကုမ္ပဏီ တခုတွင် အလုပ် စဝင်လေသည်။ လုပ်ဖော်ကိုင်ဖက် ထဲတွင် သူသည် ပညာ အရည်အချင်း အမြင့်ဆုံး ဖြစ်သည်။ တနေ့တွင် သူသည် နားခိုရာ အဆောင်နောက်ရှိ ငါးကန်တွင် ငါး သွားမျှားလေသည်။

သူ၏ လက်ယာနှင့် လက်ဝဲဘက်တွင် လုပ်ဖော်ကိုင် ဖက်နှစ်ဦးက သူ့ထက် အရင် ရောက်နှင့် နေသည်။ သူတို့နှစ်ဦးကို ခေါင်းညိတ် ပြုံးပြပြီး စိတ်ထဲတွင် "ရိုးရိုးဘွဲ့ ရထားတဲ့ လူတွေနဲ့ ငါ့မှာ ဆွေးနွေးစရာ အကြောင်းမရှိ" ဟု စဉ်းစား မိသည်။

တအောင့် ကြာသော် လက်ယာဖက်လူက ခါးကြောဆန့်ရင်း ငါးမျှားတံကို ချကာ ရေပေါ် လမ်းလျှောက်ပြီး မျက်နှာချင်းဆိုင်ရှိ စည်းရိုး ခြားထားသော နားနေဆောင်သို့ အပေါ့အပါး သွားလေသည်။

ထိုလူ ရေပေါ် လျှောက်သွားသည်ကို ကြည့်ပြီး လူငယ်မှာ ကိုယ့်မျက်စိကိုယ် မယုံနိုင်အောင် ဖြစ်မိသည်။ အပြန်တွင် သူသည် ထိုနည်းအတိုင်း ရေပေါ် လမ်းလျှောက်ပြီး ပြန်လာသည်။

လူငယ်မှာ ဘာကြောင့် ရေပေါ် လမ်းလျှောက် နိုင်သည်ကို မေးချင်သော်လည်း "ငါက သူတို့ထက် ပညာတတ်တယ်" ဆိုပြီး ပညာမာန်နှင့် သွားမမေးခဲ့ချေ။ တအောင့်အကြာတွင် လက်ဝဲဘက်က လူကလည်း ထိုနည်းအတိုင်း ရေပေါ် လမ်းလျှောက်ပြီး အပေါ့အပါး သွားလေသည်။

လူငယ်မှာ ထိုသူတို့ကို ကြည့်ပြီး မူးမေ့မတတ် အံ့သြမိသည်။ ခဏအကြာတွင် လူငယ်မှာ အပေါ့အပါး သွားချင်လာသည်။ ငါးကန်ကို ပတ်ပြီး နားနေဆောင်သို့ ၁၀ မိနစ်ခန့် လမ်းလျှောက်ရ ဦးမည်။ ထိုသူနှစ်ဦးကိုလည်း မမေးချင်။

အောင့်နိုင်သမျှ အောင့်ပြီး မအောင့်နိုင်သည့် အဆုံး လူငယ်သည် "သူတို့တောင် လုပ်နိုင်သေးရင် ငါက ဘာလို့ မလုပ်နိုင်ရမလဲ" ဟု တွေးပြီး ရေပေါ်သို့ ခြေလှမ်း လှမ်းလိုက်သည်။ လှမ်းလိုက်သည်နှင့် ရေထဲသို့ ပြုတ်ကျ သွားလေသည်။

ဘေးက လူနှစ်ယောက်က သူ့ကို အမြန် ဆယ်ယူပြီး ဘယ်လို့ ရေထဲ ခုန်ချရသလဲဟု မေးလေသည်။ ထိုအခါ လူငယ်က "ခင်ဗျားတို့ ကျတော့ ရေပေါ် လမ်းလျှောက်နိုင်တယ်။ ဘာလို့လဲဟင်"

လူငယ်နှစ်ဦးမှာ ရယ်ရင်း "ငါးကန်ထဲမှာ တံတားတခု ရှိတယ်။ ရှေ့နှစ်ရက်က မိုးရွာလို့ တံတား မြုပ်သွားခဲ့တယ်။ ကျွန်တော်တို့က တံတားနေရာကို သိလို့ အခုလို လျှောက်သွားနိုင်တာပါ။ ဘာဖြစ်လို့ ကျွန်တော်တို့ကို မမေးတာလဲဗျာ" ဟု ပြောလိုက် ပါတော့တယ်။

လောကမှာ မလိုအပ်တဲ့ မာန်မာနတွေ မထားသင့်တဲ့ အကြောင်းကို ဒီအကြောင်းအရာလေးက အသိပေးထားတာ ဖြစ်ပါတယ်။

မူရင်းရေးသားသူအား Credit ပေးပါသည်