အဖိုးအိုသုံးယောက်နဲ့ မိန်းမ

အဖိုးအိုသုံးယောက်နဲ့ မိန်းမ

အဖိုးအိုသုံးယောက်နဲ့ မိန်းမ

Jan,27,2022  
  • By, Admin  

တစ်မိနစ်လောက်အချိန်ပေးပြီးဖတ်ကြည့်ပါ


အဖိုးအိုသုံးယောက်နဲ့ မိန်းမ

.

.

တခါက မိန်းမတစ်ယောက်ဟာ တစ်ညနေခင်းမှာ အိမ်ထဲကနေ အိမ်ပြင်ကို ထွက်လိုက်တယ်။ ဆံပင်ဖြူကိုယ်စီနဲ့ အသက်အတော်ကြီးတဲ့ အဖိုးအို သုံးယောက်ဟာ အိမ်ရှေ့က ခုံတန်းလေးပေါ်မှာ ထိုင်နေကြတာကို တွေ့လိုက်ရတယ်။ မိန်းမဟာ သူတို့ကို တစ်ခါမှ မမြင်ဘူးလို့ အခုလို မေးလိုက်တယ်။


" ရှင်တို့ ဘယ်သူ့ကို တွေ့ချင်လို့ပါလဲရှင့် "


" ဒီအိမ်က အိမ်ထောင်ဦးစီး အိမ်ပြန်ရောက်ပြီလား " လို့ အဖိုးအို တစ်ယောက်က သူ့ကိုမေးလိုက်တယ်။


"  အော်..ကျွန်မယောကျာ်းလား။ သူအလုပ်က ပြန်ရောက်မလာသေးဘူးရှင့် "


"  အော်..ဟုတ်လား။ ဒါဆိုလည်း နေပါစေလေ "


" မဟုတ်ဘူးရှင့်။ ရှင်တို့ကို ကြည့်ရတာ အတော်လေး ပင်ပန်းနေပုံ ရတယ်။ လာပါ။ အိမ်ထဲမှာ ဝင်ထိုင်ပြီး ရေနွေးကြမ်းသောက်ရင်း အပန်းဖြေကြပါရှင့်။


ကျွန်မယောကျာ်းလည်း မကြာခင် ပြန်ရောက်လာတော့မှာပါ "


" နေပါစေ သမီးရယ်။ မင်း ဖိတ်ခေါ် တာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ငါတို့ မင်းရဲ့ ယောကျာ်း ပြန်ရောက်လာမှပဲ အိမ်ထဲ ဝင်ပါ့မယ်"


မကြာခင်မှာပဲ အိမ်ရှင်ယောကျာ်း ပြန်ရောက်လာတယ်။ မိန်းမက သူ့ကိုအကျိုးအကြောင်း ပြောပြလိုက်တော့ ယောကျာ်းက ဒါဆိုလည်း သူတို့ကို အိမ်ထဲဝင်ဖို့ ခေါ်လိုက်ပါလားလို့ ပြန်ပြောတယ်။


ဒါကြောင့် မိန်းမလည်း အဖိုးအို သုံးယောက်ကို သူ့ယောက်ျား ပြန်ရောက်နေပြီမို့ အိမ်ထဲဝင်ဖို့ ဖိတ်ခေါ် ပြန်တယ်။ ဒီအခါမှာ အဖိုးအို တစ်ယောက်က ခုလိုပြန်ပြောတယ်။


" ငါတို့ သုံးယောက်အတူ သူများအိမ်ထဲကို ဝင်တဲ့ ထုံးစံမရှိဘူးကွဲ့ "


" ဘာဖြစ်လို့လဲရှင့်။ ကျွန်မတို့အိမ်ဟာ ဒီလောက်ကြီး မကျဉ်းလို့ သုံးယောက်လုံး ဝင်လို့ရပါတယ် "


အဖိုးအိုသုံးယောက်ထဲက တစ်ယောက်က ပြန်ပြောတယ်။


" ငါတို့သုံးယောက်အတူ မဝင်တာ အကြောင်းရှိလို့ပါ။ နောက်တော့ ရှင်းပြပါမယ်။ ဒါနဲ့ ငါ့နာမည်က ဦးချမ်းသာပါ (rich) ပါ။ ငါ့ရဲ့ဘယ် ဘက်က ဦးအောင်မြင် (success) ပါ။ ညာဘက်ကတော့ ဦးမေတ္တာ (love) ပါ။ အခု ငါတို့ သုံးယောက်ထဲက တစ်ယောက်တည်းကို အိမ်ထဲဝင်ဖို့ ဖိတ်ခေါ် ရမှာမို့ ဘယ်သူ့ကို ဖိတ်ခေါ်မလဲလို့ မင်းယောကျာ်းနဲ့ တိုင်ပင်လိုက်ပါဦး "


မိန်းမလည်း အိမ်ထဲကို ပြန်ဝင်သွားပြီး ယောကျာ်းနဲ့ တိုင်ပင်တယ်။ ယောကျာ်းက..


" ကောင်းတယ်ကွာ။ ငါတို့ ဦးချမ်းသာကို အိမ်ထဲ ဖိတ်ခေါ်လိုက်ကြရအောင်။ ဒါဆိုရင် ငါတို့ဟာ ချမ်းသာကြွယ်ဝခြင်းကို ပြည့်စုံသွားမယ် "


တစ်ခါ မိန်းမက-

" ရှင်ပဲ လောကမှာ အကြီးအကျယ် အောင်မြင်သူတစ်ယောက် ဖြစ်ချင်တယ်ဆို။ ဦးအောင်မြင်ကို ဖိတ်ခေါ် လိုက်ကြရအောင်ပါ"


သူတို့ လင်မယား နှစ်ယောက်ဟာ ဘယ်သူ့ကို ဖိတ်ခေါ် ရမယ် ဆိုတာကို ငြင်းခုံနေကြတယ်။ ဒီအချိန်မှာ သူတို့ပြောဆို ငြင်းခုံနေကြတာကို အခန်းထဲက နားထောင်နေတဲ့ အပျိုအရွယ် သမီးလေးက ခုလို ဝင်ပြောလိုက်တယ်။


" ဦးမေတ္တာကို ဖိတ်ခေါ် လိုက်ပါလား။ အဖေနဲ့အမေ ခဏခဏ စကားများ ရန်ဖြစ်နေကြလို့ ဒီအိမ်မှာ မေတ္တာတရား ခေါင်းပါးနေတယ်လေ။ ဦးမေတ္တာကိုပဲ ဖိတ်ခေါ် လိုက်ကြရအောင်နော်။ "


ဒါနဲ့ ယောကျာ်းက မိန်းမကို ပြောလိုက်တယ်။


" မိန်းမရေ ငါတို့သမီးလေးရဲ့ စကားကို နားထောင်ပြီး ဦးမေတ္တာကိုပဲ ဖိတ်ခေါ် လိုက်မယ်ကွာ။ အိမ်ရှေ့ထွက်ပြီး သွားပြောလိုက်ပါ "


မိန်းမလည်း အိမ်ရှေ့ထွက်ပြီး ခုလိုပြောလိုက်တယ်။


" ရှင်တို့ သုံးယောက်ထဲက တစ်ယောက်ကိုပဲ ဖိတ်ခေါ် ရမယ် ဆိုတော့ ဦးမေတ္တာကိုပဲ ဖိတ်ခေါ် ပါတယ်။ အိမ်ထဲကို ကြွပါရှင့် "


ဦးမေတ္တာလည်း ထိုင်နေရာက ထပြီး အိမ်ထဲဝင်ဖို့ ပြင်လိုက်တယ်။ ဒီအခါမှာ ဦးချမ်းသာရော ၊ဦးအောင်မြင်တို့ကပါ ထပြီး အိမ်ထဲဝင်ဖို့ ပြင်လိုက်တယ်။ မိန်းမဟာ အံ့ဩသွားပြီး


" စောစောကပြောတော့ တစ်ယောက်တည်းကိုပဲ ဖိတ်လို့ရမယ်ဆို။ ခုတော့ ဘာကြောင့် သုံးယောက်စလုံး အိမ်ထဲဝင်ကြမှာလဲရှင့်" လို့မေးလိုက်တယ်။


ဦးအောင်မြင်က ခုလိုပြန်ဖြေလိုက်တယ်။


" တကယ်လို့ မင်းတို့ဟာ ဦးချမ်းသာကိုပဲဖြစ်ဖြစ်၊ ဦးအောင်မြင်ပဲဖြစ်ဖြစ် တစ်ယောက်တည်းကိုပဲ ဖိတ်ခေါ် ရင် ကျန်တဲ့ နှစ်ယောက်ဟာ အိမ်ထဲ မဝင်ပါဘူး။ ဒါပေမဲ့ မင်းတို့က ဦးမေတ္တာကို ဖိတ်ခေါ် လိုက်လို့ ငါတို့ထဲက ကျန်တဲ့နှစ်ယောက်ပါ အလိုလို ဝင်ဖြစ်တာပါ။ ငါတို့နှစ်ယောက်က ဦးမေတ္တာနဲ့ ခွဲမရကြဘူးလေ။ "


ပုံပြင်လေးကနေ ဆိုလိုတာက ကျွန်တော်တို့ဟာ ကြီးပွားချမ်းသာ ချင်လွန်းလို့ ကြိုးစားရင်း ချမ်းသာကြွယ်ဝ လာနိူင်ပါတယ်။ အောင်မြင်ချင်လို့ ကြိုးစားရင်လည်း အောင်မြင်မှုကို ရနိုင်ပါတယ်။ ဒါပေမဲ့ မေတ္တာမပါတဲ့ ချမ်းသာကြွယ်ဝခြင်းနဲ့ အောင်မြင်မှုဆိုတာ တာရှည်ခံမှာ မဟုတ်သလို ပြီးပြည့်စုံပြီး စိတ်ချမ်းသာတဲ့ ဘဝကိုရမှာ မဟုတ်ပါဘူး။


ဒါကြောင့် ဘာအလုပ်ကိုပဲ လုပ်လုပ် လူတွေအပေါ် မေတ္တာထားပြီး လုပ်ဆောင်ပါ။ ဒါဆိုရင် ချမ်းသာကြွယ်ဝခြင်းနဲ့ အောင်မြင်ခြင်း တို့ဟာ နောက်ကနေ အလိုလို လိုက်လာကြပါလိမ့်မယ်။

ဗန်းမော်သိန်းဖေ