အပြစ်ကင်းတဲ့သူစိုက်ပျိုးမှ ရှင်သန်ကြီးထွားမယ့် တလည်းစေ့လေးအကြောင်း

အပြစ်ကင်းတဲ့သူစိုက်ပျိုးမှ ရှင်သန်ကြီးထွားမယ့် တလည်းစေ့လေးအကြောင်း

အပြစ်ကင်းတဲ့သူစိုက်ပျိုးမှ ရှင်သန်ကြီးထွားမယ့် တလည်းစေ့လေးအကြောင်း

Jan,27,2022  
  • By, Admin  

တစ်ခါက အင်မတန်ဆင်းရဲနုံချာလှတဲ့သူဆင်းရဲတစ်ယောက်ဟာ ငတ်မွတ်လွန်းလှတဲ့အတွက် ဈေးထဲက ပေါင်မုန့်ဆိုင်ကနေပေါင်မုန့်တစ်ဖဲ့ကို ခိုးယူမိခဲ့ပါသတဲ့..။အဲဒီလို သူဆင်းရဲရဲ့ ခိုးဝှက်ခြင်းကို မြင်ကြတဲ့အခါ ဈေးထဲက လူတွေ၊ မြို့ကလူတွေဟာသူဆင်းရဲကို ဝိုင်းဝန်းဖမ်းဆီးရိုက်နှက် ကြပြီး မြို့စားမင်းထံကို အပ်နှံကြပါသတဲ့..။အဲဒီလို မြို့အုပ်မင်းထံကို ရောက်တဲ့အခါမြို့စားမင်းက သူဆင်းရဲကို ဒီလိုပြောခဲ့တယ်။

“မင်းဟာ ဘဝရှင်မင်းတရားကြီးချမှတ်ထားတဲ့ ဥပဒေကို ချိုးဖောက်သူ ငမိုက်သားပဲ။ဒါကြောင့် မင်းဟာ ကြိုးပေးပြီးသေဒဏ်စီရင်ခြင်းခံရမယ်”အဲဒီလို မြို့စားမင်းရဲ့အမိန့်ကို ကြားတဲ့အခါ သူဆင်းရဲက ဒီလိုပြောတယ်။ “ကျွန်တော်မျိုးဟာ အင်မတန်ဆင်းရဲလှပါတယ်၊ တွယ်တာစရာ ပူပင်စရာ မိသားစုတစ်စုံတစ်ရာလည်း မရှိသူဖြစ်ပါတယ်။ဒါကြောင့် သေဒဏ်ကျခံရလည်း ကျွန်တော်မျိုးအတွက် အကြောင်းမဟုတ်ပါဘူးလေ။

ဒါပေမယ့်လည်း ကျွန်တော်မျိုးတစ်သက်လုံး ထိန်းသိမ်းစောင့်ရှောက်ထားတဲ့လျှို့ဝှက်ချက်တစ်ခုကိုတော့ မသေခင်မှာတစ် စုံတစ်ယောက်ကို ပြောသွားချင်ပါတယ်”အဲဒီအခါ မြို့စားဟာ သူဆင်းရဲရဲ့ လျှို့ဝှက်ချက်ကို သိချင်လာတယ်။”မောင်မင်းမှာ ဘာလျှို့ဝှက်ချက်ရှိလဲ” လို့မေးတယ်။ အဲဒီအခါ သူဆင်းရဲက”ကျွန်တော်မျိုးမှာ အင်မတန်ထူးဆန်းတဲ့အတတ်ပညာရှိပါတယ်။

အဲဒီအတတ်ပညာကတော့ တ လည်းစေ့တစ်လုံးကို မြေကြီးထဲမှာမြှုပ်လိုက်ပြီးတဲ့နောက် ညတွင်းချင်း အပင်ပေါက်ပြီးကြီးထွားလာအောင် လုပ်တဲ့အတတ်ပညာဖြစ်ပါတယ်။အဲဒီအတတ်ပညာကို ကျွန်တော်မျိုးကြီးဟာဘုရင်ကြီးရဲ့ရှေ့မှောက်မှာ ပြသချင်ပါတယ်။ အဲဒီအခွင့်အရေးပြီးရင်တော့ ကျွန်တော်မျိုးကိုစိတ်တိုင်းကျ သတ်ဖြတ်အပြစ်ပေးပါတော့” လို့တောင်းဆိုလိုက်တယ်။

အဲဒီလို သူဆင်းရဲရဲ့ စကားကိုကြားတဲ့အခါ မြို့စားမင်းက”ကောင်း ပြီလေ၊ ဒါဖြင့် မင်းကို နောက်ဆုံးအခွင့်အရေးပေးတဲ့အနေနဲ့ မင်းတရားကြီးရှေ့မှောက်ကို ခေါ်ဆောင်သွားပေးမယ်” လို့ကတိ ကဝတ်ပြုလိုက်တယ်။ အဲဒီနောက်မှာတော့ မြို့စားဟာ ဘုရင်ကြီးရဲ့ရှေ့ကို ဝင်ရောက်ပြီးအကြောင်းစုံလျှောက်တင်တယ်။မြို့စားရဲ့လျှောက်တင်ချက်ကို ကြားပြီးတဲ့အခါဘုရင်မင်းကြီးက သူ့ရဲ့အပါးမှာအမြဲတမ်းခစားလေ့ရှိတဲ့ အမတ်ချုပ်ကြီး၊ဘဏ္ဍာစိုးကြီးနဲ့ မြို့စားကြီးကို ခေါ်ဆောင်ပြီး ဘုရင့်ဥယျာဉ်တော်ရဲ့ တလင်းပြင်ကိုထွက်လာခဲ့ကြတယ်။အဲဒီနောက်မှာတော့ ဘုရင်ကြီးဟာသူဆင်းရဲကို အစောင့်အကြတ်တွေနဲ့ခေါ်ဆောင်လာစေတယ်။ အတုပ်အနှောင်ကို ဖြေလျှော့စေပြီးတလင်းပြင် မှာနေရာယူစေတယ်။

အဲဒီနောက်မှာတော့ဘုရင်ကြီးဟာသူဆင်းရဲရဲ့ လျှို့ဝှက်အပ်တဲ့အတတ်ပညာကို ပြသစေတယ်။သူဆင်းရဲဟာ ဘုရင့်ဥယျာဉ်တော်ရဲ့တလင်းပြင်မှာ ကျင်းတစ်ခုကို တူးတယ်။အဲဒီနောက်မှာတော့ သူ့ခါးကြားထဲမှာထည့်ထားတဲ့ တလည်းစေ့ ကို လက်မှာကိုင်ပြီး ဂါထာတစ်မျိုးကို စတင်ရွတ်ဖတ်တယ်။အဲဒီနောက်မှာတော့ သူဟာ ဘုရင်ကြီး၊အမတ်ချုပ်ကြီးနဲ့ ဘဏ္ဍာစိုးကြီးဘက်ကိုလှည့်ပြီး ဒီလိုပြောခဲ့တယ်။

“ခုကျွန်တော်မျိုးရာဇဝတ်သားရဲ့ အစီအရင်ပြီးဆုံးပါပြီအရှင်တို့။ ကျွန်တော်မျိုးလက်ထဲကတလည်းစေ့ဟာ သိဒ္ဓိဝင် တလည်းစေ့ဖြစ်သွားပါပြီး။ အဲဒီတလည်းစေ့ကို ခိုးမှု မကျူးလွန်ဘူးတဲ့ အပြစ်ကင်း ဖြူစင်သူ စိုက်ပျိုးလိုက်တာနဲ့ နေ့ချင်းညချင်း အပင်ပေါက်ကြီးထွားလာမှာဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ အရေးပါအရာရောက်တဲ့ နေရာကို ယူထားကြသူတွေဟာအင်မတန် ဖြူစင်မြင့်မြတ်သူတွေဖြစ်မှာပါ။ကျွန်တော်မျိုးလို သူခိုးတစ်ယောက်ကတော့ခိုးမှုကျူးလွန်ပြီးဖြစ်တဲ့အတွက်စိုက်ပျိုးလို့မရတော့ပါဘူး။ အဲဒီတော့ ဒီတလည်းစေ့မခိုးဘူးတဲ့အရှင်တို့သာ ဆောင်ယူပြီးစိုက်ပျိုးကြပါတော့”အဲဒီနောက်မှာတော့ သူဆင်းရဲဟာ တလည်းစေ့ကို အမတ်ချုပ်ကြီးလက်ထဲကိုထည့်လိုက်တယ်။ အမတ်ချုပ်ကြီးရဲ့မျက်နှာဟာ မလုံမလဲဖြစ်လာပြီး ကြောက်ရွံ့လာတယ်။ အဲဒီနောက်မှာတော့ အမတ်ချုပ်ကြီးက ဘုရင်ကြီးကို ဒီလိုလျှောက်တင်လိုက်တယ်။

“ကျွန်တော်မျိုး ရှက်ရှက်နဲ့ဝန်ခံပါရစေဘုရား။ ကျွန်တော်မျိုးငယ်စဉ်က ကစားဖော်တစ်ယောက်ရဲ့ ထွေပြားကို ခိုးယူထားခဲ့ဘူးပါတယ်၊အဲဒီတော့ ကျွန်တော်မျိုးဟာ ဖြူစင်သူမဟုတ်ပါဘုရား”အဲဒီလိုနဲ့ အမတ်ချုပ်ကြီးဟာ တလည်းစေ့ကို ဘဏ္ဍာစိုးကြီးထံကို လက် ဆင့် ကမ်းလိုက်တယ်။ ဘဏ္ဍာစိုးကြီးဟာလည်း လိပ်ပြာမလုံတဲ့အမူအရာနဲ့ဒီလိုပြောပြန်တယ်။ “ကျွန်တော်မျိုးဟာ ဘုရင့်ဘဏ္ဍာကိုကိုင် တွယ်ထိန်းသိမ်းနေရသူဆိုတော့တစ်ခါက ဒင်္ဂါးပြားတစ်ပြားကိုအိပ်ထဲကိုဆောင်ယူလာမိပါတယ်ဘုရား၊အရှင်အပြစ်ပေးရင်လည်းခံရမှာပါပဲ။ကျွန်တော်မျိုးဟာလည်း ခိုးမှုကျူးလွန်သူပါဘုရား”အဲဒီလိုနဲ့ ဘဏ္ဍာစိုးကြီးဟာ တလည်းစေ့ကိုဘုရင်ကြီးလက်တော်ထဲကို ထည့်ပေး လိုက် တယ်။အဲဒီအခါမှာလည်း ဘုရင်ကြီးက”ငါကိုယ်တော်လည်း ခိုးမှုကျူးလွန်ခဲ့ဘူးတာပဲ မင်းကြီးတို့ရဲ့။ ငါကိုယ်တော် အိမ်ရှေ့စံဘဝက ဖခမည်းတော်ရဲ့ လည်ဆွဲကို မပြောဘဲယူဆောင်ဆင်မြန်းခဲ့မိတယ်။

ဖခမည်းတော်က ခွင့်လွှတ်တော်မူလို့ဒီလိုထီးနန်းအရိုက်အရာစံစားခွင့်ရခဲ့တာပဲ”အဲဒီလို ဘုရင်ကြီး၊ ဘဏ္ဍာစိုးကြီးနဲ့အမတ်ချုပ်ကြီးရဲ့စကားတွေကို ကြားတဲ့အခါ သူဆင်းရဲက ဒီလိုပြောခဲ့တယ်။”အရှင်တို့ အရှင်တို့ဟာ ရွှေ၊ ငွေ၊ စည်းစိမ်ပြည့်စုံပါရက်နဲ့ ခိုးမှုကျူးလွန်ခဲ့ကြသူတွေဖြစ်တယ်။ အရှင်တို့ဟာ ခိုးမှုကျူးလွန်ပါရက်နဲ့ အပြစ်ဒဏ်တစ်စုံတစ်ရာမှ ကျခံရခြင်း၊ခံစားရခြင်း မရှိခဲကြဘူး။ ကျွန်တော်မျိုးလိုသူဆင်းရဲဟာငတ်လွန်းမက ငတ်တဲ့အတွက် တစ်နပ်စာမျှတောင်မရှိတဲ့ ပေါင်မုန့်လေးတစ်ဖဲ့ကို ခိုးယူစားသောက်မိခဲ့တာပဲဖြစ်တယ်။ အဲဒီပေါင်မုန့်တစ်ဖဲ့ကို စားသောက်မိတဲ့အတွက် လူအများရဲရိုက်ပုတ်ခြင်းကိုလည်းမချိမဆံ့ ခံခဲ့ရသေးတယ်။ အဲဒီအပြင် အခုမင်းတရားကြီးရဲ့ ဥပဒေအရ သေဒဏ်တောင်ကျခံရတော့မယ်။ အဲဒီအဖြစ်ကို ဆင်ခြင်စဉ်းစားပေးတော်မူကြပါဘုရား။

ကျွန်တော်မျိုးကြီးလို သူဆင်းရဲ အငတ်တစ်ယောက်တောင် သေဒဏ်ကို ခံရသေးရင် တိုင်းပြည်ကို အုပ်ချုပ်၊ တရား သဖြင့် စီရင်တတ်တဲ့ အရှင်တို့လို လူတွေက ပိုပြီးကျခံရမှာမဟုတ်ဘူးလား”အဲဒီလို သူဆင်းရဲရဲ့စကားကို ကြားတဲ့အခါ ဘုရင်ကြီးဟာ အင် မတန်မှ သတိသံဝေဂရခဲ့တယ်။သူဆင်းရဲကို အပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုပြီး အပါးတော်မြဲအမတ်အဖြစ် ခန့်အပ်ပြီးမြို့တစ်မြို့ ကို လည်း အပိုင်စားပေးတော်မူခဲ့တော့တယ်။

Credit မူရင်းရေးသူ<!--/data/user/0/com.samsung.android.app.notes/files/clipdata/clipdata_bodytext_220127_140719_752.sdocx-->